ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဒေဝါလီခံလိုက်ရသည့် ကုမ္ပဏီအရေအတွက် ၁၀၀ ထက် ကျော်လွန်လာပြီဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Tokyo Shoko Research Ltd. က မေလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
ဖေဖော်ဝါရီလကစ၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဒေဝါလီခံလိုက်ရသည့် စီးပွားရေးလုပ်ငန်းအရေအတွက်သည် ယခုအခါ တွင် ၁၁၄ ခု ရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထိုသို့ ဒေဝါလီခံလိုက်ရသည့် ကုမ္ပဏီအရေအတွက် မြင့်တက်လာခြင်းသည် အစိုးရက ထုတ်ပြန်ခဲ့သည့် အရေးပေါ် အခြေအနေကြေညာချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မိမိအိမ်၌သာ နေထိုင်ရန် ကန့်သတ်ချက်များ၏ အကျိုးဆက်ပင်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန် ချက်၌ သုံးသပ်ထောက်ပြထားပါသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ သက်ရောက်မှု အကျိုးဆက်သည် ဂျပန်နိုင်ငံ၏ များစွာသောစက်မှုလုပ်ငန်းအမျိုးမျိုးတို့ကို ထိခိုက်စေခဲ့ပါကြောင်း၊ ဗိုင်းရပ်စ် ကြောင့် ဆိုးရွားစွာထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အဝတ်အထည် ဆိုင်များစသည်တို့ ပါဝင်ကြောင်းသိရသည်။ မြို့တော်တိုကျိုတွင် ဒေဝါလီခံရသည့် စီးပွားရေးလုပ်ငန်းအရေအတွက် အများဆုံးဖြစ်ပြီး၊ ဟော့ကိုင်းဒိုး၊ ရှီဇူအိုကာနှင့် အိုဆာကာ စီရင်စုဒေသများရှိ စီးပွားရေးလုပ်ငန်းများကိုလည်း ဆိုးရွားစွာသက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
ဆက်လက်၍ နိုင်ငံအတွင်း ဒေဝါလီခံမည့် ကုမ္ပဏီအရေအတွက် ပိုမိုတိုးတက်လာနိုင်ခြေရှိသည့်အတွက် ငွေကြေးအကျပ်အတည်း ကျရောက်နေကြသည့် ကုမ္ပဏီများကို ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် အရေးပေါ်လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါသုတေသနအဖွဲ့က ထောက်ပြပြောကြားခဲ့ပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ဂျပန်နိုင်ငံ)
ရင်းမြစ်။ The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan,The Japan Times, The Japan News, The Asahi Shimbun, The Nikkei Asian Review, The NHK World,The NNA Asia News.